Powered By

Free XML Skins for Blogger

Powered by Blogger

ကျနော့ blog ထဲက ရှာချင်တာလေးတွေရှိရင်

Eagle - 5 (2)



နမ့်စန် လေတပ်စခန်း ဌာနချုပ် ၊ အမှတ် (၃၀၀၁) တိုက်လေယာဉ်အုပ်၏ လေသူရဲများ နားနေခန်း
အုပ်စာရေး တပ်သားလေး ဝင်ရောက်လာပြီး ပြောလိုက်သည်။
"ဗိုလ်ကြီးသူရိန် ၊ ဌာနချုပ်မှူးက ခု လာတွေ့ပါတဲ့ ခင်ဗျ။"
ဗိုလ်သူရိန်တစ်ယောက် "အေး" တစ်လုံးသာ ပြန်ပြောပြီး ဝတ်ထားသော Flying Suit ကို ချွတ်၍ ယူနီဖောင်း ပြန်ဝတ်လိုက်သည်။ ထို့နောက် ဌာနချုပ်ရုံးသို့ ထွက်လာခဲ့သည်။
ဌာနချုပ်မှူးရုံးခန်းတွင်း လှမ်းဝင်မိသည်နှင့် စာအုပ်ပုံနှင့် ကွယ်နေသော ဌာနချုပ်မှူးက ခေါင်းထောင်ကြည့်၍
"အေး .. . လာကွာ. ၊ တခြားတော့ မဟုတ်ပါဘူး။ မင်းသွားချင်တဲ့ လေယာဉ်ထုတ်လုပ် ပြင်ဆင်ရေးဌာနချုပ်က Test Pilot အတွက် ခေါ်စာ လာပြီကွ။ အဲဒါကြောင့် မင်းကို လှမ်းခေါ်လိုက်တာ။ ငါတို့ ဌာနချုပ်အနေနဲ့လည်း မင်းလို Test Pilot တစ်ယောက် မွေးထုတ်ပေးနိုင်လို့ ဂုဏ်ယူပါတယ်ကွာ ..။ သွားဖို့ လာဖို့တော့ ပြီးမှ မင်း အုပ်မှူးကို သတင်းပို့ပြီး ဆက်လုပ်လိုက်။"
" ဟုတ်ကဲ့ပါခင်ဗျ "
အပြန်လမ်းတွင်တော့ ပျော်ရွှင်မှုများနှင့် အရာရာ လှပနေသလို ခံစားနေရသည်။ မကြာမီ မိမိ ဖြစ်ချင်လှသော Test Pilot ဘဝ ရောက်တော့မည်။ အနှစ်နှစ် အလလ ကြိုးစားခဲ့သမျှ အောင်မြင်တော့မည်။
အုပ်ကို ပြန်ရောက်၍ အုပ်မှူးကို ဝင် သတင်းပို့မိသည်နှင့် အုပ်မှူးက ကြိုသိနေသည် .
" အေးကွာ .. ငါ့ကို ဌာနချုပ်မှူးလည်း ဖုံးဆက်ပြီးပြီ ။ မင်း ဘယ်နေ့ ဆင်းမလဲ။ မင်းကားနဲ့ မင်းဆင်းချင်လဲ ဆင်းလေ ၊ ဒါမှ မဟုတ်ရင်လဲ ငါတို့ဆီက လေယာဉ်တစ်စီး Inspection ဝင်ဖို့ရှိတယ်၊ အဲဒါ မင်း မောင်းယူသွားလည်း ရတာပဲ "
" နေပါစေ ဆရာ၊ ကျနော့ကားနဲ့ပဲ ဆင်းလိုက်ပါ့မယ် "
" အေး ၊ အဲဒါဆိုလဲ မင်း သဘက်ခါလောက် ဆင်းကွာ ၊ မနက်ဖန် ညနေတော့ မင်းအတွက် Dinner စီစဉ်လိုက်မယ် "
" ဟုတ်ကဲ့ ၊ ကျေးဇူးပါခင်ဗျ "
မိမိ သွားရောက် တာဝန်ထမ်းဆောင်ရမည့် လေယာဉ် ထုတ်လုပ် ပြင်ဆင်ရေးဌာနချုပ် ရှိရာ မကွေးမြို့သို့ လေယာဉ်ဖြင့် မဆင်းချင်သည်မှာ အကြောင်းရှိသည်။ ဒီက အဆင်းတွင် မန္တလေးရှိ မိခင်ကြီးဆီ ဝင်မည် ၊ ပြီးမှ မကွေးသို့ သွားမည်။ လေယာဉ်ကို မိမိ ယူမသွားသဖြင့် သူငယ်ချင်းဖြစ်သူ အေးချမ်းက လေယာဉ်ပို့ဖို့ တာဝန်ယူရလိမ့်မည်။ ဒါဆို မကွေးသားဖြစ်သော အေးချမ်းနှင့်လည်း ဆုံနိုင်အုံးမည် ဖြစ်သည်။ အင်း .. . ကိုယ့် အတွေးနဲ့ ကိုယ်တော့လည်း ဟုတ်နေတာပဲ။

No comments: