Powered By

Free XML Skins for Blogger

Powered by Blogger

ကျနော့ blog ထဲက ရှာချင်တာလေးတွေရှိရင်

ဝေဒနာ အပိုင်းအစများ

ခက်တော့ ခက်တယ်ဗျာ။
လူဆိုတာက ကိုယ့်ဘ၀နဲ့ ရင်းပြီး ခံရမှ သိတဲ့ အသိကို ပိုတန်ဖိုး ထားတတ်ကြတယ်ဗျ။ ကျန်တဲ့ စာတွေ့တွေ ၊ သူများပြောတာတွေက သိပ်မခံစားရဘူးလေ။
တစ်ခါတစ်လေမှာ ကိုယ်က သူများကို ကောင်းစေချင်လို့ လုပ်လိုက်တဲ့ ကိစ္စတစ်ခုက ကိုယ့်အပေါ် ဆိုးကျိုးတွေ ပေးလာနိုင်တယ်ဆိုတာ .... .... ... . .. . ။
လွယ်ပါဘူးဗျာ .. . ။ သူများကို နင်းပြီးမှ အပေါ်တက်ရမယ်ဆို မျက်စိမှိတ်နင်းတက်ရဲတဲ့ သူတွေကို ကြောက်တယ်။

ရှိသေးတယ်

ကျနော့ဘ၀ အမှတ်တရများ (၂)

ကျနော် လေယာဉ်မောင်း သင်တန်းတုံးက အဖြစ်အပျက်လေးပါ။ သင်တန်းမှာက နောက်နေ့ လေယာဉ်တက်ရမယ့် လူတွေကို တက်ရမယ့် အချိန်တွေပါ ညနေကတည်းက Flight plan ချထားပေးတာပါ။ သောကြာနေ့ဆို တနင်္လာနေ့အတွက် ဘယ်သူ ဘယ်အချိန် တက်ရမယ်ဆိုတာ သိပြီးသားလေ။
ကျနော့ သူငယ်ချင်း တစ်ယောက်က မြို့ထဲမှာ သူ့ရည်းစား ရှိတယ်ဗျ။ သူက စနေ၊ တနင်္ဂနွေ အပြင်ထွက် လည်ပြီး သူ့ကောင်မလေးကို ကြွားလာခဲ့တာပေါ့။ တနင်္လာနေ့ နေ့လည်ကျရင် သူ ညီမလေးတို့အိမ်ပေါ်က သူဖြတ်ပျံမယ် ၊ လက်ပြမယ် ၊ ဘာညာပေါ့ဗျာ။ ဖြစ်ချင်တော့ သူတက်ရမယ့် အခေါက်မှာ သူ့လေယာဉ် မကောင်းလို့ မတက်ဖြစ်ဘူး။ ကျနော်ကတော့ တက်ဖြစ်တယ်။
ကျနော်ကလည်း သူ့အခြေအနေကို သေသေချာချာ မသိတော့ ဘာမှ မပြောဖြစ်ပါဘူး။ ပုံမှန်ဆို ဒီကောင်က လေယာဉ် တက်ခါနီးတောင် မနည်း လိုက်ခေါ်ရတာ။ အဲဒီနေ့ကျမှ သူ့လေယာဉ် မကောင်းလို့ မတက်ရတာကို အသည်းအသန် ဖြစ်နေတာ။ ထူးတော့ ထူးတယ်ပေါ့။ နေ့လည်ရောက်လို့ သူ့လေယာဉ် မရတော့ဘူးဆိုတာ သေချာတော့မှ ကျနော့ဆီ ပြေးချလာတယ်။ ကူညီပါပေါ့ ။ ခက်တာက သူ့ကောင်မလေးအိမ်က ကျနော်တို့ လေယာဉ် ပတ်နေကျ Circuit ထဲမှာ မရှိဘူးဗျ။ သူက Close Circuit နဲ့ ဆင်းမှ အပေါ်က ဖြတ်တာ။
အဲဒါနဲ့ ကျနော်လည်း Landing တခေါက်လည်း ဆင်းပြီးရော ကျနော့ဆရာကို Close Circuit ဆွဲချင်တယ်လို့ ပြောရတော့တာပေါ့။ ကျနော့ဆရာကလည်း တချက်တော့ အံ့သြသွားတယ်။ ဒီကောင် ဘာကြောင်တာလဲပေါ့။ ဒါပေမဲ့ ဘာမှတော့ မပြောပါဘူး။ “အေး” တခွန်းပဲ ပြောတယ်။
ကျနော်လည်း ခပ်တည်တည်ပေါ့။ သူငယ်ချင်း ကောင်မလေး အိမ်ပေါ်က ဖြတ်ပျံတော့ အောင်မာ .. . လက်တွေတောင် ထွက်ပြလို့ဗျား။ သူ့ဘဲဘဲ များ မှတ်နေလား မသိဘူး။ ကျနော်က ရှေ့ကမောင်းရတာဆိုတော့ အောက်ကို ငုံ့ကြည့် ငုံ့ကြည့်နဲ့ပေါ့။ ဆရာက အဲဒီမှာ သဘောပေါက်သွားတယ်။ အကောင်းတော့မဟုတ်ဘူး.။ ကျနော့် ရည်းစား ထင်သွားတာပါပဲဗျာ။
နောက်ပိုင်းမှ မနည်းလိုက်ရှင်းပြရတယ်။ အဲလိုပဲ ... . .ဘိုတောက်တို့ ဖြစ်ပုံက .... ။

ရှိသေးတယ်

ကျနော့ဘ၀ အမှတ်တရများ

ကျနော် ငယ်ငယ်က ဒုတိယတန်းလောက်က ထင်တယ်. အတန်းထဲကို ကောင်မလေး တယောက် ပြောင်းလာတယ်။ ကျနော်ကလည်း အတန်းထဲမှာ ငဆိုး စာရင်းဝင်တယ်ဗျ။ မှတ်မှတ်ရရ တစ်နေ့မှာ ကျနော်က သူ့ရေဗူးက ရေကို ယူသောက်ပြီး ရေခွက်ကို လွှင့်ပစ်လိုက်တယ်။ ကျနော်ကတော့ အဲဒီတုံးက ဘာရယ် မဟုတ်ပါဘူး။ စိတ်ထဲ ရှိတာ ရှောက်လုပ်မိတာပါ။ အဲ .. . ကောင်မလေးက ကျနော့ကိုတော့ ဘာမှ ပြန်မပြောဘူး။ သူ့အိမ်ကို သွားပြောတာဗျ။ ကျနော်ကလည်း တော်တော်တုံးတဲ့ကောင်။ သူ့မိဘတွေနဲ့ ကျနော့် မိဘတွေက တော်တော် ရင်းနှီးတဲ့သူတွေဆိုတာ နောက်နေ့ ညနေ ကျောင်းက ပြန်ရောက်မှ သိတယ်ဗျာ။
ဘာပြောကောင်းမလဲ .. . .
... .... ...
.... .. ..
ကျနော့မေမေက သူ့ကို ပြန်တောင်းပန်ခိုင်းတယ်။ ဒါပေမဲ့ အဲဒီကတည်းက ကျနော် ကောင်မလေးကို ခုချိန်ထိ မတောင်းပန်ရသေးဘူးဗျ။ နောက်ပိုင်း အသက်နဲနဲ ကြီးလာမှ ကိုယ့်ကိုယ်ကို ပြန်တွေးမိတယ်။ “ငါ တောင်းပန်သင့်တယ်လို့”။ ဟုတ်တယ်ဗျ .. . . ။ တောင်းပန်သင့်တယ်။
ဒါပေမဲ့ စတုတ္ထတန်းမှာ ကျနော့ဖေဖေက နယ်ပြောင်းရလို့ ကျနော်လည်း ကျောင်းပြောင်းရတယ်။ အဲဒီနောက်ပိုင်းလည်း သူတို့နဲ့ သိပ်မတွေ့ဖြစ်တော့ပါဘူး။ မိဘတွေကတော့ တွေ့ကြတယ်။ ကျနော်ကလည်း အလုပ်ထဲ ရောက်ကတည်းက အိမ်နဲ့ ဝေးနေတော့ အဲဒီကောင်မလေးကို ခုနေ တွေ့ရင်တောင် မှတ်မိမှာ မဟုတ်တော့ဘူး.။ နာမည်လည်း မေ့နေပီ။
ဒါပေမဲ့ ကျနော် ခုချိန်ထိ တောင်းပန်ချင်နေတာပါ။ ကျနော် နာမည်မေ့နေတဲ့ ကျနော့ သူငယ်ချင်းလေးရေ .. .. ၊ ငါနင့်ကို တောင်းပန်ချင်နေတာတကယ်ပါဟာ .. ။ နင်နဲ့ ပြန်တွေ့ပြီး တကြိမ်လောက်တော့ တောင်းပန်ပါရစေဟာ။ တကယ်ပါ။

ရှိသေးတယ်