Powered By

Free XML Skins for Blogger

Powered by Blogger

ကျနော့ blog ထဲက ရှာချင်တာလေးတွေရှိရင်

Eagle - 5 (1)



၂၁၁၇ ခုနှစ်၏ နွေလည် ရက်တစ်ရက်။

နမ့်စန်လေတပ်စခန်း ဌာနချုပ်၏ အမှတ် (၃၀၀၁) တိုက်လေယာဉ်အုပ်မှ လေယာဉ် ရပ်နားရာ Apron သို့ လာနေသော ဗိုလ်သူရိန်နှင့် ဗိုလ်အေးချမ်းတို့ နှစ်ဦး။




မောင်းနှင်ရမည့် M-227 တိုက်လေယာဉ်ဆီသို့ အရောက်တွင် Ground Crew တစ်ယောက်က ဆီးကြို သတင်းပို့သည်ကို လက်ခံလိုက်သည်။

“ လေယာဉ်အမှတ် 2773 ၊ မြေပြင် စစ်ဆေးပြီး မောင်းနှင်ရန် အသင့်”

Ground Crew ၏ လေယာဉ် အပ်နှံသည်ကို လက်ခံလိုက်ပြီး အေးချမ်းနှင့် အတူ မြေပြင် စစ်ဆေးခြင်း ထပ်မံ ပြုလုပ်လိုက်သည်။ စိတ်ကျေနပ်မှ လေသူရဲနေရာသို့ ထောင်ထားသော လှေခါးအတိုင်း တက်လိုက်သည်။ နောက်မှ တက်လာသော အေးချမ်း၏အသံကို Intercom မှ ကြားလိုက်သည်။

“သူငယ်ချင်း Before Starting Check လုပ်လိုက်၊ ငါ မျှော်စင်ကို လှမ်းခေါ်လိုက်မယ်။”

“အိုကေ”

လေယာဉ်မောင်းခန်းအတွင်း Before Starting Check လုပ်နေစဉ် အေးချမ်းဆီမှ မျှော်စင်သို့ လှမ်းခေါ်နေသံ ကြားလိုက်ရသည်။

“နမ့်စန်မျှော်စင် ၊ လေယာဉ်အမှတ် ၂၇၇၃ ခေါ်တယ်၊ ကြားရင် အကြောင်းပြန်ပါ”

“လေယာဉ်အမှတ် ၂၇၇၃ ၊ အသံကောင်းကောင်းကြားတယ် ၊ ပြောပါ”

“လေယာဉ်အမှတ် ၂၇၇၃ ၊ လင်းယုန် ၅ + ၇ မောင်းနှင်မယ် ၊ စက်နှိုးခွင့်ပြုပါ”

“လင်းယုန် ၅ စက်နှိုးပြီးရင် လမ်းကြောင်း ၃ ကနေ ပြေးလမ်းဆီ သွားနိုင်ပါတယ်၊ ပြေးလမ်း မရောက်ခင် သတင်းပို့ပါ”

“ ကြားပါတယ် ၊ လင်းယုန် ၅ ”

Before Starting Check ကို စိတ်ကျေနပ်သည်နှင့် စက်နှိုးယင်း Intercom မှ အေးချမ်းကို ပြောလိုက်သည်။

“အင်း ဒီနေ့ တော်တော်ပူတယ်ဟ ၊ စက်မြန်မြန်နိုးမှ အေးမှာပါ။”

“အေး ဟုတ်တယ်ကွ ၊ မြန်မြန်သာ နှိုးပါကွာ”

စက်နိုးသည်နှင့် Ground Crew အား အချက်ပြကာ လေယာဉ်ဘီးကို စလှိမ့်လိုက်သည်။ Intercom မှလည်း အေးချမ်း၏ အသံ ထွက်ပေါ်လာသည်။

“နမ့်စန်မျှော်စင် ၊ လင်းယုန် ၅ ခေါ်တယ်”

“လင်းယုန် ၅ ပြောပါ”

“လင်းယုန် ၅ လေထဲ ရောက်တာနဲ့ ကွင်းမှ တပတ်နေပြီး စစ်ဆင်ရေး ဧရိယာကို သွားမယ်၊ စစ်ဆင်ရေး ဧရိယာမှာ ခန့်မှန်း ကြာချိန် ၃၅ မိနစ် ၊ ပြီးရင် ကွင်းကို တိုက်ရိုက် ပြန်လာမယ်။ ဒါပဲ ”

“ကောင်းပါပြီ လင်းယုန် ၅ ၊ ပြေးလမ်း ရှင်းထားပါတယ်။”

သူရိန်တစ်ယောက် လေယာဉ်ပြေးလမ်းပေါ်တွင် လေယာဉ်အရှိန်ထိန်း မောင်းတန်ကို ရှေ့သို့ တစ်ဆုံး တိုးရင်း လေထဲသို့ တက်လိုက်သည်။ ထို့နောက် လေယာဉ်ကွင်းပေါ် တစ်ပတ်ဝဲယင်း ခပ်မြင့်မြင့် တက်နေစဉ် အေးချမ်း၏ မျှော်စင်သို့ လှမ်းပြောနေသံ ကြားလိုက်ရသည်။

“နမ့်စန် မျှော်စင် ၊ လင်းယုန် ၅ ၊ စစ်ဆင်ရေး ဧရိယာကို သွားမယ်၊ ဒါပဲ”

လင်းယုန် ၅ ၊ မျှော်စင် ၊ ပြန်လာရင် သတင်းပို့ပါ ၊ ဒါပဲ”

အေးချမ်း၏ စကားသံဆုံးသည်နှင့် သူရိန်က လေယာဉ်၏ အမြင့်ပေနှင့် အမြန်နှုန်းကို စစ်ဆေးလိုက်ပြီး လေယာဉ်ကို Stealth Mode သွင်းလိုက်သည်။ M 227 လေယာဉ်သည် နောက်ဆုံးပေါ် မြန်မာပြည်တွင်းဖြစ် တိုက်လေယာဉ် ဖြစ်ပြီး ကမ္ဘာပေါ်ရှိ မည်သည့် လေတပ်တွင်မျှ မရှိသေးသည့် ကိုယ်ပျောက် နည်းပညာများ အသုံးပြုထားသည်။ ကြားဖြတ် တိုက်လေယာဉ် ဖြစ်သော်လည်း ဘက်စုံသုံးတိုက်လေယာဉ် အဖြစ် အသုံးပြုနိုင်ရန် စီမံထားသည်။ ယခုလည်း ဗိုလ်သူရိန်နှင့် အေးချမ်းတို့နှစ်ဦး ပုံမှန် လေကြောင်း စိုးမိုးရေး တာဝန် ထမ်းဆောင်ရန် ပျံသန်းလာကြခြင်း ဖြစ်သည်။

“လမ်းကြောင်း ၃ အတိုင်း သွားမယ်ကွာ ၊ ဟိုဘက်ရပ်ကွက်က အနီစက်ကို ငါ မသင်္ကာဘူး”

Intercom မှ အေးချမ်း၏ အသံကြားလိုက်ရပြီး ဗိုလ်သူရိန် တစ်ယောက် မိမိ HUD တွင် ပေါ်နေသော အနီရောင် အစက်ကလေးကို ကြည့်လိုက်သည်။ ဟိုဘက်ရပ်ကွက် ဆိုသည်မှာ တစ်ဘက် နိုင်ငံကို ဆိုလိုမှန်း သူရိန် သိပြီး ဖြစ်သည်။ အင်း သွေးတိုး စမ်းနေပြီ။ တွေ့ကြသေးတာပေါ့။ ထိုစဉ် နားကြပ်ထဲသို့ အသံတသံ ဖြတ်ဝင်လာသည်

“သစ်ခွမှ လင်းယုန် ၅ ကြားရင်အကြောင်းပြန်”

“လင်းယုန် ၅ မှ သစ်ခွ ပြောပါ”

“ရပ်ညွှန်း ၀၈၅ ၊ အနီမှတ် ၊ အမြန်ဆုံးသွားပါ”

“ကောင်းပါပြီ ၊ လင်းယုန် ၅”

သစ်ခွဆိုသည်မှာ နမ့်စန်ရေဒါစခန်းဖြစ်ပြီး စခန်းမှူး ဗိုလ်မှူးကြီး သိန်းထိုက် ကိုယ်တိုင် ခေါ်နေမှန်း သူရိန် သိလိုက်သည်။ လေယာဉ်ကို ရပ်ညွှန်း ၀၈၅ ကို ဦးတည်လိုက်ပြီး အေးချမ်းကို Intercom မှ လှမ်းပြောလိုက်သည်။

“သူငယ်ချင်း ၊ ငါတို့ ဒီလမ်းကြောင်းအတိုင်း သွားရင် အနီစက်နဲ့ ဆုံမဲ့ ဆုံမှတ် တွက်ပေးပါ။ ပြီးရင် ငါ့ HUD ကို လှမ်းပို့ပေး”

“စိတ်ချ သူငယ်ချင်း ၊ မိနစ်ဝက်ပဲ စောင့်”

သူရိန်အနေဖြင့် တစ်ဘက်လေယာဉ် မိမိတို့ကို မမြင်နိုင်မှန်း သိပြီး ဖြစ်သော်လည်း ထောင့်စေ့အောင် ကြိုတင် စဉ်းစားထားခြင်း ဖြစ်သည်။ လေယာဉ်ကိုလည်း ပေ ၃၀၀၀၀ ထိ တက်လိုက်ပြီး မျက်စိက အနီစက်ကလေးကိုသာ အာရုံစိုက်နေမိသည်။ အင်း ဒီတောင်ကြော တစ်ကြော ကျော်ရင် တွေ့ပြီ။ အေးချမ်းပို့ပေးထားသော အနီစက်၏ အချက်အလက်များကို ပြန်စစ်မိသည်။ သူကတော့ ကိုယ့်ကို မမြင်သေးသဖြင့် တည့်တည့်သို့ မိမိပိုင်နက်အတွင်း ၀င်လာလျက်ရှိသည်။ ဒီပုံအတိုင်းဆို နောက် ၁ မိနစ်နေရင် ဒီလေယာဉ်ကို ဘယ်ဘက် ပေ ၁၀၀ အမြင့်ကနေ ဖြတ်မိလိမ့်မည် ဖြစ်သည်။ Intercom မှ အေးချမ်းကို လှမ်းပြောလိုက်သည်

“သူငယ်ချင်း .. လက်နက်စနစ် On လိုက်”

“အိုကေ”

ထို့နောက် နိုင်ငံတကာ လေလှိုင်းမှ တဆင့် တစ်ဘက်လေယာဉ်ကို လှမ်းခေါ်လိုက်သည်။

“အမျိုးအမည်မသိ လေယာဉ် ၊ မြန်မာ့ဝေဟင်ပိုင်နက်ထဲ ရောက်နေသည်။ အမြန်ပြန်ထွက်ပါ။”

ပြောပြီးပြီးချင်း ချိန်ကိုက်၍ ရှေ့တွင် မြင်နေရသည့် ရန်သူ့လေယာဉ်ပေါ် စိုက်ဆင်းလိုက်သည်။ ပေ (၁၀၀) ခန့်အကွာမှ ဖြတ်၍ မိမိတောင်ပံတွင် တပ်ထားသော လက်နက်များ မြင်အောင် ပြကာ အပေါ်သို့ ပြန်မော့တက်လိုက်သည်။ ရန်သူ့လေယာဉ်လည်း ကျွမ်းထိုး ရှောင်တိမ်းကာ သူတို့နိုင်ငံဘက် လစ်ပြေးတော့သည်။ အင်း .. ဒါမှ ကျောင်းမှန်း ကန်းမှန်း သိသွားမှာ ။ ထို့နောက် ရေဒါနှင့် အုပ်မှူးထံ တပြိုင်တည်း သတင်းပို့လိုက်သည်။

“လင်းယုန် ၅ မှ သစ်ခွ ၊ အမျိုးအမည်မသိ လေယာဉ်အား မိမိပိုင်နက်တွင်းမှ မောင်းထုတ်ပြီး၊ ပုံမှန် တာဝန် ဆက်လက် ထမ်းဆောင်လျက်ရှိ”

“ကောင်းပြီ လင်းယုန် ၅၊ ဆက်လုပ်ပါ”

Intercom မှ အေးချမ်း၏အသံ ကြားလိုက်ရသည်။

“သူငယ်ချင်း ပင်ပန်းသွားပြီ ၊ ငါဆက်မောင်းလိုက်မယ် ၊ I got it.”

“ကျေးဇူး ၊ You got it”

အင်း .. တစ်နေ့တော့ ကုန်သွားပြန်ပြီ ၊ နောက်နေ့တွေလည်း ဘယ်လို ကကွက်ဆန်းတွေ တွေ့ရလိမ့်အုံးမယ် မသိ။

p.s ။ ကျနော် တဝက်တပျက်ပဲ မက်ခဲ့ရတဲ့ အိပ်မက်ကလေးပါ။

Type the rest of your post here.

1 comment:

နွယ်ရိုး said...

အင်း ဒီလိုအိပ်မက်မျိုး မက်ချင်သားဗျ။